ကပ်ပချီနိုဟမ်ဘာဂါ တစ်ခုပေးပါ (Биг Маг с капучином)

 

ကပ်ပချီနိုဟမ်ဘာဂါ တစ်ခုပေးပါ (Биг Маг с капучином)

    ကျွန်ုပ် ရုရှားနိုင်ငံသို့ စရောက်ကာစ ပထမဆုံးအကြိမ် McDonald ဆိုင်တွင် စားစရာမှာစဉ်က ဖြစ်သည်။

ကိုယ်တိုင်စားဖို့မဟုတ်ပဲ အသိတစ်ယောက်မှ လမ်းကြုံသဖြင့် ဟမ်ဘာဂါ လူကြုံမှာလိုက်ရာ သူမှာလိုက်သော စားစရာမှာ ဟမ်ဘာဂါအကြီးတစ်လုံး(Big Mac)တစ်မျိုးတည်း ဖြစ်သည်။ ထိုသို့မှာစဉ် ကျွန်ုပ်သည် တစ်ခုခုအလွဲအချော် ဖြစ်မည့်စိုးသဖြင့် သေချာမေးမြန်းခဲ့ရာ အမဲသားညှပ်ထားသော ဟမ်ဘာဂါအကြီး(Big Mac)ဖြစ်ကြောင်း သေချာစွာမှတ်သားထားလိုက်သည်။ ဆိုင်ရှေ့ရောက်သောအခါ ပါဆယ်မှာသော ဘေးပေါက်မှနေ၍

“မင်္ဂလာပါ ဟမ်ဘာဂါအကြီးတစ်လုံး အမဲသားနဲ့ပေးပါ”

Здравствуйте! Дай мне пожалуйста Биг Маг с говядиной

ဟူ၍မှာလိုက်သည်။ ထိုအခါ ငွေရှင်းကောင်တာတာဝန်ကျက

မင်္ဂလာပါ နောက်ထပ်ဘာထပ်မှာဦးမလဲ ဆော့စ်တို့ အာလူးချောင်းကြော်တို့ရော မှာဦးမလားခင်ဗျာ

Здравствуйте!  Что еще хотите заказать? Соус? Картофель фри?

ဟုပြန်မေးရာ မလိုတော့ကြောင်း ပြန်ပြောလိုက်သည်။ သို့နှင့် ၂မိနစ် ၃မိနစ်လောက် စောင့်ပြီးနောက် စက္ကူအိတ် တစ်လုံးနှင့် ကော်ဖီခွက် တစ်ခွက်လာပေးလေသည်။ ကျွန်ုပ်လည်းကြောင်တောင်တောင်ဖြစ်သွားပြီး လူမှားသလား မသိဟု တွေးမိလိုက်သည်။ ထို့ကြောင့် ကော်ဖီမမှာထားကြောင်း ပြန်ပြောရင်း စက္ကူအိတ်အတွင်းဖွင့်ကြည့်ရာ စက္ကူဘူးဖြင့်ထုတ်ပိုးထားသော ဟမ်ဘာဂါ တစ်လုံးတွေ့သဖြင့် ထိုဟမ်ဘာဂါဘူးကိုပြပြီး ဟမ်ဘာဂါတစ်ခုသာမှာထားကြောင်းပြောပြလိုက်သည်။ ထိုအခါ ငွေရှင်းကောင်တာတာဝန်ကျက မှာယူစဉ်က စာရင်းသွင်းထားသော ကွန်ပျူတာ စခရင်အား ကျွန်ုပ် ဘက်သို့လှည့်ပြပြီး

“ခင်ဗျားမှာထားတာက ဟမ်ဘာဂါအကြီးတစ်လုံး ကပ်ပချီနိုနဲ့ခင်ဗျ ”

Вы заказали Биг Маг и капучино

လို့ မှာထားကြောင်း ရှင်းပြသဖြင့် စခရင်အားကြည့်လိုက်ရာ သူပြောတဲ့အတိုင်းဖြစ်နေသည်။ ကွုန်ုပ်သည် ကပ်ပချီနိုကော်ဖီကို မမှာခဲ့ကြောင်း “ဟမ်ဘာဂါအကြီးတစ်လုံး အမဲသားနဲ့” လို့သာမှာကြောင်း ပြန်ရှင်းပြသည်။ (တတ်သလိုရှင်းပြလိုက်ပြီး နားလည်လား၊ မလည်လားတော့ မသိပါ)။ ထိုငွေရှင်းကောင်တာ တာဝန်ကျက မှာယူထားသော စာရင်းမှာ ကွန်ပျူတာထဲဝင်နေပြီး စားဖိုခန်းမှ ကွန်ပျူတာ စခရင်တွင်လည်း ထိုအတိုင်း ပြသဖြင့် အခုပေးသော ဟမ်ဘာဂါအကြီးတစ်လုံးနှင့် ကပ်ပချီနိုကော်ဖီ တစ်ခွက် ပေးရခြင်းဖြစ်ကြောင်း ပြန်လည်ရှင်းပြရာ ကျွန်ုပ်မှာ ကျသင့်ငွေ ရှင်းပေးရုံသာရှိတော့သည်။ ငွေရှင်းပြီးအပြန် လမ်းမှာ မမှာပဲ ငွေရှင်းခဲ့ရသော ကပ်ပချီနိုကိုသောက်ရင်း ပြန်စဉ်းစားကြည့်မှ အမှားကိုရှာတွေ့တော့သည်။
    အဓိက လွဲချော်မှုမှာ
BigMac သည် အမဲသားတစ်မျိုးတည်းနှင့်သာ ရှိကြောင်းကို မသိခဲ့ခြင်းဖြစ်သည်။ McDonaldဆိုင်များတွင် ဟမ်ဘာဂါအကြီး(BigMac)သည် အမဲသားဖြင့် သာရနိုင်ပြီး ရိုးရိုးဟမ်ဘာဂါများတွင် ကြက်သား၊ အမဲသားဖြင့်ရှိကြောင်း နောက်မှသိခဲ့ရသည်။(ယခုအချိန်အခြား အသားMENU ရှိ၊ မရှိ မသိပါ)။ ထို့ကြောင့် ဟမ်ဘာဂါအကြီး(BigMac) ကိုမှာယူရာတွင် မည်သည့်အသားနှင့် သုံးဆောင်လိုကြောင်းကို ထည့်မှာစရာမလိုအပ်ပဲ ဟမ်ဘာဂါအကြီး(BigMac)ဟူ၍မှာလျှင်ပြည့်စုံပြီဖြစ်သည်။ သို့သော် ကပ်ပချီနိုကော်ဖီပါလာရခြင်းမှာ ကျွန်ုပ်မှာလိုက်သော

“ဟမ်ဘာဂါအကြီးတစ်လုံး အမဲသားနဲ့ပေးပါ”

 Дай мне пожалуйста Биг Маг с говядиной

တွင် “အမဲသားနဲ့” ဟူသော “с говядиной”(ရုရှားအသံထွက် - စဂါဗြားဂျီးနိတ်) တွင်အသံပီသမှုမရှိပဲ ရုရှားလို ကပ်ပချီနိုကော်ဖီကိုခေါ်သောစကားလုံး (Капучино) ကာပူချီးနာအသံထွက်နှင့်ရောထွေးနေသဖြင့် Биг Маг с говядиой (ဘိ(ဂ်)မဂ် စဂါဗြားဂျီးနိတ် - ဟမ်ဘာဂါအကြီးတစ်လုံးအမဲသားနဲ့)မှာယူခြင်းကို ငွေရှင်းကောင်တာတာဝန်ကျက Биг Маг с капучином(ဘိ(ဂ်)မဂ် စကာပူချီးနမ် - ဟမ်ဘာဂါအကြီးတစ်လုံး ကပ်ပချီနိုနဲ့) ဟူ၍ထင်ပြီး ဟမ်ဘာဂါနှင့် ကပ်ပချီနိုကော်ဖီတစ်ခွက် ပေးလိုက်ခြင်းဖြစ်သည်။ ထိုအမှားကြောင့် ကပ်ပချီနိုကော်ဖီကို စတင် မှာယူတတ်ခဲ့လေတော့သည်။


YKO

 

Comments

Popular posts from this blog

အမေ (ဝတ္တုတို)

နေဝင်ညနေ